ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Friday, October 23, 2009

၂- ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ၂

(ဘုရားဖြစ်ခန်းဟောပြောချက်များကြောင့်
ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ)
(ဆောင်းပါးအမှတ်စဉ်-၂)


''အဲဒါတွေကိုထောက်၍-
(၁) ပဋိစ္စသမုပ္ပါဒ်ဖြင့် ဘုရားဖြစ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်။
(၂) သတိပဋ္ဌာန်လေးပါးဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရားဖြစ်။
(၃) ဥပါဒါနက္ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုပြီး ဘုရားဖြစ်။
အခု ... (ပ) ... အများကြီးမသိနဲ့အုံး ။ (မြတ်စွာဘုရားရှင်သိအပ်သောတရား။ ဗွီစီဒီခွေ။)

စိစစ်ချက်။ ။ဤဆောင်းပါးသည် အမှတ် (၂)ဖြစ်၍ (၂)သတိပဋ္ဌာန်လေးပါးဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရားဖြစ်ဟူသော ဟောပြောချက် မှန်-မမှန် စိစစ်ပြရန် ဖြစ်ပါသည်။ သို့ပါသော်လည်း ဆောင်းပါးစဉ် အမှတ် (၁) အရာမှာ စိစစ်ပြဖွယ်များစွာ ကျန်ရှိကြပါသေးသည်။ ယင်းကျန်ရှိနေရာတို့ကို ဆက်လက် စိစစ်ပြရပါဦးမည်။

(၁) ''အနေကဇာတိသံသာရံ (ပ) ခယမဇ္ဈဂါ။ (ပ) ဟောဒီ ပဉ္စက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာတွေကို ကြိမ်ဖန်များစွာ ဆောက်တဲ့ တဏှာယောက်ျား လက်သမားကိုမတွေ့လို့ ဗောဓိပင်နဲ့ရွှေပလ္လင်ကို မရမချင်း၊ အဒီရွှေပလ္လင်ပေါ်ထိုင်ပြီး ဥပါဒါနက္ခန္ဓာဆိုတဲ့ အကြောင်းတရားတွေကို မမြင်မချင်း၊ ဒုက္ခတွေ ထပ်ကာထပ်ကာ ဖြစ်ခဲ့ပါတယ်။ (ပ) ဒါဖြင့်ရင် ဒီဂါထာကြီး ရွတ်နိုင်ရအောင် ဘယ်တရားကို သိသလဲ။ (၎င်းစာ၊ နှာ၊ ၁။)

စိစစ်ချက်။ ။အထက်ပါတို့တွင် ဥပါဒါနက္ခန္ဓာဆိုတဲ့ အကြောင်းတရားတွေဟူ၍ ပါရှိရာ'' အကြောင်း တရားတွေကို ဥပါဒါနက္ခန္ဓာဟု ဆို၏''ဟူ၍ အဓိပ္ပါယ်ထွက်ပါသည်။ ဤဥဒါန်းဂါထာအရာတွင် 'ဥပါဒါနက္ခန္ဓာတို့သည် တဏှာတရားကြောင့် ဖြစ်လာကြသည်။ ထို့ကြောင့် ဥပါဒါနက္ခန္ဓာတို့သည် အကျိုးတရား စစ်စစ်ကြီးသာဖြစ်ကြောင်း ထင်းလှပါသည်။ အကြောင်းတရားတွေကို ဥပါဒါနက္ခန္ဓာဟု မဆိုရ။ ဆိုလျှင် မှားပါသည်။

(၂) ''ဒီမှာကျမ်းညှိဖို့ လိုလာပါပြီ။ ဤဗုဒ္ဓဝင်အဋ္ဌကထာ၌ အာနာပါန စတုတ္ထဈာန်ကို နိဗ္ဗတ္တေတွာ= ဖြစ်စေ၍-လို့။ ဒီလို ရှိပါတယ်။ နိဒါနဝဂ္ဂသံယုတ် အဋ္ဌကထာမှာတော့ အာနာပါန စတုတ္ထဈာန်မှ ဝုဋ္ဌာယ= ထ၍-လို့ ။ အဲဒီလို ရှိပါတယ်။ ပါဠိနှစ်ရပ် ဖြစ်သွားပြီ။ ဗုဒ္ဓဝင်အဋ္ဌကထာက အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေပြီး (ပ) ပစ္စယာကာရပဋိစ္စသမုပ္ပါဒ်လို့ ဆိုပါတယ်။ (ပ) အဲဒီဈာန်ကို အခြေခံထား၍ ပစ္စယာကာရလို့ခေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ပဋိစ္စသမုပ္ပန္န (ကြောင်းကျိုးနှစ်ဖြာ) ဝိပဿနာကို ပွားစေပြီး၍ (ပ) နိဒါနသံ-ဋ္ဌကတော့ အာနာပါန စတုတ္ထဈာန်ကထပြီးတော့မှ ပဋိစ္စသမုပ္ပါဒ်ကို သုံးသပ်ပြီးတော့မှ ဘုရားဖြစ်တယ်လို့ ဆိုပါတယ်။ (၎င်းစာ၊ နှာ - ၂၊ ၃၊ ၄၊၅။)

စိစစ်ချက်။ ။အထက်ပါတို့တွင် ဖြစ်စေ၍နှင့် ထ၍ကို အထူးပြု၍ ဟောပြထားပါသည်။ ဖြစ်စေဖြင့် ဈာန်ကို ဝင်စားမှု ပြုနေသည်ဟု ဆိုလိုပါသည်။ ထ-ဖြင့် ဈာန်ဝင်စားမှုကို ဆက်မပြုတော့ဘဲ ရပ်နားထားလိုက်သည်ဟု ဆိုလိုပါသည်။ မထူးပါ။ မထူးကြောင်းမှာ ဈာန်ဝင်စားမှုကို စတင် ပြုလုပ်ထားလျှင် ရပ်နားမှုကို ပြုရဦးမည်သာတည်း။
ထို့ပြင် - ဗုဒ္ဓဝင်ဋ္ဌ-၌ (၁) ပစ္စယာကာရ (၂) အာနာပါနဟုရှိ၍ သံယုတ်ဋ္ဌ-၌ (၁) အာနာပါန (၂) ပစ္စယာကာရဟုရှိသည်နှင့် စပ်၍လည်း''ဗုဒ္ဓဝင်အဋ္ဌကထာက အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေပြီး (ပ) ပစ္စယာကာရပဋိစ္စသမုပ္ပါဒ်လို့ ဆိုပါတယ်''ဟူ၍ ရောယှက်ရှုတ်ထွေးလျက် ရှိပါသည်။ ကျမ်းစာကို သေချာ မသိမြင်ဘဲ မရရှိဘဲ စာမျက်နှာကို ကြည့်လှန်ပြီး ဟောပြောရသဖြင့် ဗျာများနေခြင်းကြောင့် ရှင်းလေမှားလေး ဖြစ်ရဟန် တူပါသည်။ ဗုဒ္ဓဝင်အဋ္ဌကထာက အာနာပါနစတုတ္ထဈာန်ကို ဖြစ်စေပြီးမှ ပစ္စယာကာရကို ပြဆိုသည် မဟုတ်သောကြောင့် ကူးယူဖော်ပြပါ ''ဗုဒ္ဓဝင်အဋ္ဌကထာက အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေပြီး (ပ) ပစ္စယာကာရပဋိစ္စသမုပ္ပါဒ်လို့ ဆိုပါတယ်'' ဟောပြောချက်သည် လုံးဝမှား၏။

ဆောင်းပါးစဉ် အမှတ် (၁)၌ 'ပစ္စယာကာရေ ဉာဏံ သြတာရေတွာ အာနာပါန စတုတ္ထဇ္ဈာနံ နိဗ္ဗတ္ထေတွာ' ဟူ၍ ဗုဒ္ဓဝင်မူရင်းကို ဖော်ပြခဲ့ပါပြီ။ တိုက်ဆိုင်-စိစစ် ကြည့်ပါ။

တစ်ဖန် ''ဝိပဿနံ= ပစ္စယာကာရလို့ခေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္နကြောင်းကျိုး နှစ်ဖြာ ဝိပဿနာကို'' ဟု ဆိုရာမှာလည်း အလွန်မှပင် မှားလွန်းလှပါသည်။ မှန်၏။ ပဋိစ္စသမုပ္ပါဒ်သည် အကြောင်းတရားဖြစ်သော်လည်း ဝိပဿနာ မဟုတ်ပါ။ အကြောင်းမှာ ပဋိစ္စသမုပ္ပါဒ်= အကြောင်းတရားကို သိသောဉာဏ်သည် ပစ္စယပရိဂ္ဂဟဉာဏ်မျှသာ ရှိပါသေးသည်။ ပဋိစ္စသမုပ္ပန္နသည် အကျိုးတရားဖြစ်သော်လည်း ဝိပဿနာ မဟုတ်ပါ။ မှန်လှ၏။

ပဋိစ္စသမုပ္ပန္န=အကျိုးတရားကိုသိသောဉာဏ်သည် နာမရူပ-ပရိစ္ဆေဒဉာဏ်မျှသာ ရှိပါသေးသည်။ ဝိပဿနာဉာဏ်ဆိုသည်မှာ အကျိုးတရားတို့ကို သိမြင်ပြီး၍ ထိုအကျိုးတရားတို့၏ လက္ခဏာသုံးပါး၊ အကြောင်းတရားတို့ကို သိမြင်ပြီး၍ ထိုအကြောင်းတရားတို့၏ လက္ခဏာသုံးပါးတို့ကို ထိုးထွင်း၍ သိမြင်သော ဉာဏ် ဖြစ်ပါသည်။ ဝိပဿနာဉာဏ်တို့ကို ပဋိပဒါဉာဏဒဿန ဝိသုဒ္ဓိဟုဆိုရာတွင်'' လက္ခဏာသုံးပါးကို သိခြင်းကြောင့် ဉာဏ် မည်၏။ လက္ခဏာသုံးပါးတို့ကို မြင်ခြင်းကြောင့် ဒဿန မည်၏'' ဆိုတာကို ပထမလတ်တန်းဝင် စာသင်သားကလေးများကပင် သိနိုင်ကြပါသည်။

တစ်ဖန်တုံလည်း ... ပစ္စယာကာရလို့ခေါ်တဲ့ ပဋိစ္စသမုပ္ပါဒ်ဟူ၍ ဟောထားရာ ''ပဋိစ္စသမုပ္ပါဒ်ကို ပစ္စယာ ကာရဟု ခေါ်သည်''ဟူ၍ အဓိပ္ပါယ်ထွက်ပါသည်။ ယင်းအဓိပ္ပါယ်အရဖြစ်သော ပဋိစ္စသမုပ္ပါဒ်အရမှာ အကြောင်းတရားတွေကိုလည်း မယူရ။ အကြောင်းတရားတို့သည် ပစ္စယ(=အကျိုးတရားဖြစ်လာအောင် ကျေးဇူးပြုတတ်သော တရား)တို့သာ ဖြစ်ကြသည်။ အကြောင်းတရားတို့သည် (ပစ္စယ+အာကာရတို့တွင်) အာကာရ= ကျေးဇူးပြုပုံ အခြင်းအရာများ မဟုတ်ကြပေ။ ပဋိစ္စသမုပ္ပါဒ်အရမှာ အကျိုးတရားတွေကိုလည်း မယူရ။ အကျိုးတရားတို့သည် ပစ္စယုပ္ပန္န=ပဋိစ္စသမုပ္ပန္န (=အကြောင်းတရားကြောင့် ဖြစ်လာကြသောတရား) တို့သာ ဖြစ်ကြသည်။

ပစ္စယာကာရဆိုသည်မှာ ပစ္စယ= ကျေးဇူးပြုတတ်နှင့်သောအကြောင်း တရားတို့၏ (အကျိုးတရားတွေ ဖြစ်ပေါ်လာအောင်) အာကာရ=ကျေးဇူးပြုပုံအခြင်းအရာ အကြောင်းနှင့်အကျိုး ဆက်စပ်မှုရှိနေပုံ အခြင်းအရာတို့သာဖြစ်ကြပါသည်။ ထို့ကြောင့် ပဋိစ္စသမုပ္ပါဒ်ဆိုသည်မှာ အခြင်းအရာတို့သာတည်း။
သို့ဖြစ်၍ ပစ္စယာကာရ=ပဋိစ္စသမုပ္ပါဒ်နှင့် ဝိပဿနာ အတူတူ မဟုတ်ကြောင်း(ဝါ) ဝိပဿနံ= ပဋိစ္စသမုပ္ပါဒ်နဲ့ ပဋိစ္စသမုပ္ပန္န ကြောင်းကျိုးနှစ်ဖြာကို - ဟူ၍ အနက်မြန်မာ မပြန်ရကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာက ''ပစ္စယာကာရေ ဉာဏံ သြတာရေတွာ (ပ) ဝိပဿနံ ဝဍ္ဎေတွာ''ဟူ၍ ခွဲခြားပြသထားပြီး ရှိနေပါသည်။

ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့က မျက်လှည့်ဆရာကိုပင် ယုံတတ်ကြလေတော့ အထင်ကြီးအောင် 'လုပ်ယူ' တတ်သူများ၊ ယုံလောက်အောင် လုပ်ယူတတ်သူများကို ယုံမိ၍ မှားကြရှာပါပေသည်။ (ဤစကား၌ လုပ်ယူကို လူယုတ်ဟု မပြန်ရ။ အချို့ဆရာတော်ကြီးများက လုပ်ယူဟုတွေ့လျှင် လူယုတ်ဟု ပြန်ဆိုတတ်ကြပါသည်။)

အထင်ကြီးအောင် ယုံလောက်အောင် လုပ်ထားပုံများစွာတို့ထဲက ထုတ်ပြရလျှင် (၃) ''တစ်ခါက ပြောဖူးပါတယ်။ ပထမလတ်တန်းမှာ ဉာဏ်သုံးပါးကို ယာမ်သုံးပါးနဲ့ ယှဉ်ခဲ့ပါ ဆိုတာ။ ဆရာတော်တို့ မဖြေနိုင်တာပါ။ သီချင်းကလေး တစ်ပုဒ်က ပုဗ္ဗေနိဝါသခေါ် ဉာဏ်တော်တစ်ပါးကိုလ ညဥ့်ဦးယာမ် ချိန်ခါ ... အဲဒီသီချင်းနဲ့ ပထမလတ်တန်းမှာ အမှတ်ပြည့် ရခဲ့ပါတယ်။ (၎င်းစာ ။ နှာ -၂။)

စိစစ်ချက်။ ။ဤစကားရပ် ပထမလပ်တန်းမှာ အမှတ်ပြည့်ရရှိခဲ့လျှင် တစ်ပြည်လုံး ပထမလတ်တန်း ပထမဂုဏ်ထူးဖြင့် အောင်မြင်သူ ဖြစ်ရပါလိမ့်မည်။ ဉာဏ်တော်သုံးနှင့် ယာမ်သုံးမေးခွန်းတစ်ပုဒ်မျှမှာ အမှတ်ပြည့် ရရှိလျှင် ကျန်နှစ်ပုဒ်သုံးပုဒ်ရမှတ်နှင့်ပေါင်း၍ ရိုးရိုးအောင်မှတ်မျှသာ ရနိုင်ပါသည်။ ဤကဲ့သို့သော စကားရပ်များကို ကြားနာရသောအခါတွင် ဝေဖန်တတ်ဖို့ လိုပါသည်။ ခွဲခြား၍ ပိုင်းဖြတ်တတ်ဖို့ လိုပါသည်။ အသိမှန် အမြင်မှန် ဖြစ်စေဖို့ လိုအပ်လှပါသည်။ သို့မဟုတ်လျှင် ရောထွေးလျက် အထင်ကြီးမိပြီး မကြည်ညိုထိုက်သောအရာ၌ ကြည်ညိုမိသော ''ပညာပေတုံး သဒ္ဓါငုံး လုံးဝအမြီးမထွက်'' ဖြစ်တတ်ပါသည်။
ဆောင်းပါးစဉ် အမှတ်(၁)ထဲတွင်လည်း ဤကဲ့သို့သောစကားများကို (က) (ခ) (ဂ) (ဃ)တို့ဖြင့် အမှတ်ပြ၍ ကောက်နှုတ်ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ပိဋကတ်သုံးပုံ အာဂုံဆောင်ထားကြသည့် ဆရာတော်များကိုပင် ဦးနှောက်ဖြုန်းတီးနေသူများဟု ပျက်ရယ်ပြုချက်များ ပါရှိကြသည်။ ၎င်း (က) (ခ) (ဂ) (ဃ)တို့ကို အထက်ပါဝေဖန်နည်းဖြင့် ပြန်၍ ဝေဖန်ကြည့်ရန် ပြန်၍ ဖတ်ရှုပါကုန်။

(၄) ''ပဋိစ္စသမုပ္ပါဒ်ကို သိ၍ ဘုရားဖြစ်တာကို ထောက်ရင် အာနာပါန စတုတ္ထဈာန်က ရှေ့က ရှိသင့်ပါတယ်။ ဗုဒ္ဓဝင်အဋ္ဌကထာမှာတော့ နောက်က ရှိနေပါတယ်။ ဒါပေသိ ဆဋ္ဌသင်္ဂါယနာတင်ခဲ့တဲ့ ပါဠိစာပေတွေ ဖြစ်ခြင်းကြောင့် ဆရာတော်ဘုရားကြီးတွေ- သင်္ဂါယနာတင်ထေရ်ရှင်အပေါင်းတွေကို ရိုသေလေးစားသောအားဖြင့် ဘယ်ပါဠိက ဘယ်လို ရှိသင့်တယ်လို့ ဆုံးဖြတ်ခြင်း မပြုလုပ်ခဲ့ပါဘူး။ ကျွန်ုပ်အရွယ်ကလေးနဲ့ မဆုံးဖြတ်ပါဘူး။ သို့သော် (ပ) ပညာရှိတို့ထံမှာ အဆုံးအဖြတ် ယူတော်မူကြပါကုန်။ (၎င်းစာ၊ နှာ - ၅။)

စိစစ်ချက။် ။ အထက်ပါတို့တွင် စိစစ်ဖွယ်မှာ အာနာပါနစတုတ္ထဈာန်သည် ''သမထဘာဝနာ= အပ္ပနာတရား ဖြစ်သည်။ ၎င်းက ဝိပဿနာ၏အခြေခံ (ဝိပဿနာပါဒက) ဖြစ်နိုင်ပါသည်။
''ပစ္စယာကာရ=ပဋိစ္စသမုပ္ပါဒ်သည် ပစ္စယပရိဂ္ဂဟဉာဏ်= ပရိယတ္တိသုတ ဖြစ်သည်။ ၎င်းကလည်း ဝိပဿနာ၏ ရှေ့ဦးတရား (ဝိပဿနာပုဗ္ဗက) ဖြစ်ပါသည်။ ဘုရားလောင်းလျာ သယမ္ဘူတာ ဝိပဿနာရှင်တို့မှာမူ စိန္တာမယဟုသာ သုံးရသည်။ (ပရိယတ္တိသုတဟု မသုံးရ)။ ဝိပဿနာပါဒက=အခြေခံနှင့် ဝိပဿနာပုဗ္ဗက= ရှေ့ဦးတရားတို့သည် သူ့ပမာဏနှင့်သူ မပါလျှင်မပြီး အရေးကြီးကြသည်သာ ဖြစ်ပါသော်လည်း ''ပစ္စယာကာရ= ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်သက်ဝင်စေပြီးမှ အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေလျှင်လည်း ရသည်။

''အာနာပါန စတုတ္ထဈာန်ကို ဖြစ်စေပြီးမှ ပစ္စယာကာရ= ပဋိစ္စသမုပ္ပါဒ်၌ ဉာဏ်သက်ဝင်စေလျှင်လည်း ရသည်။

''ဆယ်အုပ်ရှိရာ၊ ပြဋ္ဌာန်းစာကို
စာဖြေချိန်မှ၊ အရှေးကာလတွင်
စိတ်ဝင်စားရာ၊ ကျက်မှတ်ပါ
ဘယ်ဟာ ရှေ့ကျက် ဟူ၍ မဆိုသာ
ဘယ်ဟာ နောက်ကျက် ဟူ၍ မဆိုသာ။

''စာဖြေရက်စွဲ၊ ရောက်လာဆဲတွင်
ခုပင်ဖြေရန်၊ ဘာသာမှန်၊ ကျက်ရန်တွင်တွင်သာ။
ထိုနည်း မြော်မြင်၊ 'အာ-ပ' တွင်လည်း၊
အာလျှင် ရှေ့က၊ ပ-နောက်က-ဟု
မုချမလို၊ ဝိပဿ်ကြို၊ လိုကွက် မရှိ ပြည့်ဖို့သာ။

''ဗုဒ္ဓဝိပဿ်၊ တွင်တွင်ခတ်လျက်
သုံးရပ်လက္ဓဏာ၊ ရှုမြင်ပါမှ
လေးဖြာမဂ်ဆိုက်၊ ဖိုလ်ဝင်လှိုက်၊ ဖြစ်ထိုက် သဗ္ဗညုတာ။
''ပဋိစ္စသ္စသမုပ္ပါဒ်၊ သိမြင်လတ်၍
ဉာဏ်မြတ်ဉာဏ်စစ်၊ ဘုရားဖြစ်ဟု
စိစစ်ဖော်ပြ၊ အဓမ္မ၊ မှတ်ကြ 'မှား' ဟုသာ။

မှာထားချက်။ ။အထက်ပါ အာနာပါနစတုတ္ထဈာန်နှင့် ပစ္စယာကာရ နှစ်ပါးတို့တွင် အဘယ်တရားက ရှေ့မှာရှိသင့်ကြောင်း၊ အဘယ်တရားက နောက်မှာရှိသင့်ကြောင်းတို့နှင့် စပ်လျဉ်း၍ ဟောပြောသူက ''ပညာရှိတို့ထံမှာ အဆုံးအဖြတ် ယူတော်မူကြပါကုန်'' ဟူ၍ ဆိုထားပါသည်။ ဤဝေဖန်စာရေးသူသည် ပညာရှိမဟုတ်ပါကြောင်း'' ဆိုရေးရှိက ဆိုအပ်စွာ့'' ဟူသည်နှင့်အညီ ရှင်းလင်းတင်ပြခြင်းသာဖြစ်ပါကြောင်း ဝန်ခံပါသည်။

ဤဆောင်းပါးများနှင့် ပတ်သက်၍ ကာယကံရှင်နှင့် ကာယကံရှင်၏တရားအတိုင်း ယုံကြည်သူတို့က တရားနည်းလမ်းအလျှောက် ပြန်လည်ရှင်းလင်း၍ အကျယ်တဝင့် ဆွေးနွေးကြပါရန် ပန်ကြားလိုက်ပါသည်။ ဝေဖန်ရေးစာပေ၏ သဘောတရားမှာ ဝေဖန်ခံရသည့်ဘက်က လှည့်ကြည့်လာအောင် ရေးတတ်ရခြင်းဟူ၍ ပါရှိသည့်အတွက် ကာယကံရှင်ကသော် လည်းကောင်း စာဖတ်ပရိသတ်တို့ကသော် လည်းကောင်း ဂရုစိုက်မိလှည့်ကြည့်စရာ ဖြစ်လောက်အောင် ရေးသားတင်ပြပါသည်။

ဝိဘဇ္ဇ၀ါဒီ

0 comments:

Post a Comment

ဗုဒ္ဓသာသနာ တည်တန့်စေရန် ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။
ဒို့တတွေ အမှန်တရားကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါစို့။

mmm