ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Sunday, December 20, 2009

ရှေ့ဘဝ နောက်ဘဝ မြတ်ဗုဒ္ဓဟောပါသည်

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စိစစ်ချက်မှ

ရှေ့ဘဝ နောက်ဘဝ မြတ်ဗုဒ္ဓဟောပါသည်

မြတ်ဗုဒ္ဓက ရှေ့ဘဝ နောက်ဘဝတို့အကြောင်းကို အကျယ်တဝင့် ဟောထားပါလျက် ''ရှေ့ဘဝ နောက်ဘဝအကြောင်း မြတ်ဗုဒ္ဓ မဟော''ဟူ၍ ရေးသားထားသော အဓမ္မဝါဒစာပေများ ပြန့်ပွါးနေကြပါသည်။

ပစ္စုပ္ပန်ကမ္မဝါဒီက-

''ကျုပ်တို့က သူတို့ကို အဓိကဆုံးမတာမှာ ဘယ်တရားမှ မရချင်နေ ရချင်ရ ရှေ့ဘဝ နောက်ဘဝကိုတော့ မတွေးရဘူးနော်-လို့ ဆိုတာလောက်ကတော့ ကျုပ်တို့ကို ချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ (ပ)။ အဲဒီအစဆုံးဖြစ်တဲ့ ရှေ့ဘဝ-နောက်ဘဝ မတွေးရဘူးလို့ ဆိုတဲ့ဟာကို (သူက လျှောက်ထားလာတယ်။) ရှေ့ဘဝ-နောက်ဘဝဟာ တကယ်မြတ်စွာဘုရား မဟောဘူး။ ကျုပ်တို့ကလဲပဲ ရှေ့ဘဝ နောက်ဘဝကိုတော့ဖြင့် လုံးဝ မဟောပြောဘူး။ ရှေ့ဘဝ နောက်ဘဝကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်လို့ ပြောတာကို သူ မကြားခဲ့ဖူးသလို ဖြစ်နေတယ်''ဟု ရေးသားထားပါသည်။ (ပစ္စုပ္ပန်ကမ္မဝါဒီ၏ စာအုပ်-နှာ-၂။)

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောကြားချက်များ

(က) အထက်ပါစကားရပ်၌ ''ရှေ့ဘဝနောက်ဘဝကို မြတ်ဗုဒ္ဓ မဟော''ဆိုသည့် အချက်သာ အဓိက ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဝိနယပိဋက၌ ရှေးဘဝမှာ နွားဖြစ်ခဲ့ဖူးသူက ယခုဘဝမှာ ရဟန်းဖြစ်လာကြောင်း၊ ထိုရဟန်းမျိုးက ညအခါမှာ စားမြုံ့ပြန်လျှင် ဝိကာလဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ကြောင်း ပညတ်တော်မူထားပါသည်။
ယခုဘဝမှာ ပါရာဇိကသိက္ခာပုဒ်တော်ကို ကျူးလွန်သည့် ရဟန်းတို့သည် နောက်ဘဝမှာ ငရဲကျရမည်ဖြစ်ကြောင်း တိရစ္ဆာန်ဖြစ်ရမည်ဖြစ်ကြောင်း ပညတ်တော်မူပါသည်။ သုတ္တန္တပိဋက ဇာတကပါဠိတော်တို့မှာ ရှေ့ဘဝအကြောင်း များကို အကျယ်တဝင့် ဟောထားပါသည်။ အင်္ဂုတ္တိုရ်ပါဠိတော် စသည်တို့မှာ နောက်ဘဝအကြောင်းတို့ကိုလည်း အကျယ်တဝင့် ဟောထားတော်မူပါသည်။ အဘိဓမ္မာပိဋက ခန္ဓယမက ဥပ္ပါဒအတီတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အတိတ်ဘဝခန္ဓာတစ်ပါးဖြစ်ဖူးသူ၊ ခန္ဓာငါးပါးဖြစ်ဖူးသူ စသည်တို့ကို ဟောကြားထားပါသည်။ ၎င်း အနာဂတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အနာဂါတ်ဘဝ ခန္ဓာလေးပါး ဖြစ်လိမ့်မည့်သူ ခန္ဓာငါးပါး ဖြစ်လိမ့်မည့်သူ စသည်တို့ကို ဟောထားပါသည်။

(ခ) ရှေ့ဘဝနောက်ဘဝအကြောင်းများကို ဟောပြထားသည့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်တို့သည် ဗုဒ္ဓပါဝစနခေါ် ပိဋကသုံးပုံလုံးမှာပင် အနှံ့အပြား အများအပြား ရှိနေကြပါသည်။ အဋ္ဌကထာဋီကာတို့မှာလည်း ပါဠိတော် လာရှိသည့်အတိုင်း အမြောက်အမြား ရှိနေကြပါသည်။ သို့ပါလျက် ပစ္စုပ္ပန်ကမ္မဝါဒီတို့က ''ရှေ့ဘဝ နောက်ဘဝကို ဗုဒ္ဓ မဟော''ဟု ရေးသားခြင်းမှာ အကြီးအကျယ်လိမ်ညာလျက် မျက်နှာပြောင်တိုက်၍ မြတ်ဗုဒ္ဓကို ခုတုံးလုပ်ခြင်းသာ ဖြစ်ပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် သူတို့၏ကိုယ်ပိုင်ဝါဒကို ကိုယ်တိုင်တည်ထောင် နိုင်စွမ်း မရှိခြင်းကြောင့် မြတ်စွာဘုရားကို ခုတုံးလုပ်ထားကြပါသည်။ သူတို့၏ ကိုယ်ပိုင်ဝါဒသည် မြတ်ဗုဒ္ဓ၏ ပဋိပက္ခအနေအထားမှာ တည်ရှိပါလျက် သူတို့၏ဝါဒကို မြတ်ဗုဒ္ဓဝါဒဖြစ်လေယောင် ဟန်ဆောင်ထားကြပါသည်။

များစွာသော ဗုဒ္ဓဘာသာဝင်တို့သည် သေချာတိကျ မသိကြသော်လည်း ရှေ့ဘဝ နောက်ဘဝတို့ကို မြတ်ဗုဒ္ဓ ဟောထားတော်မူကြောင်း အကြမ်းဖျင်းအားဖြင့် သိတော်မူကြပြီးဖြစ်၍ ထိုအသိစိတ်များကို မြတ်ဗုဒ္ဓဖြင့်ပင် တိုက်လှဲချပစ်ရန် အကြံကြီးကြီးကြံလျက် ပြောင်ပြောင်တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဟောပြောရေးသား ဖြန့်ဝေနေကြပါသည်။

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောပြောသူ မှန်လျှင်ပင် မိစ္ဆာဒိဋ္ဌိ ဖြစ်သည်-တဲ့
(ဂ) မည်မျှအထိ ပြောင်ပြောင် တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လုပ်သနည်းဟူမူကား ရှေ့ဘဝ နောက်ဘဝတို့ကို ဟောတော်မူသည်သာလျှင် ဖြစ်သော မြတ်ဗုဒ္ဓသည်လည်း မိစ္ဆာဒိဋ္ဌိက ဖြစ်သည်။ သူတို့နှင့် ပဋိပက္ခအရာမှာ တည်သည်။ ရှေ့ဘဝ နောက်ဘဝတို့ကို လက်ခံယုံကြည်သည်သာလျှင် ဖြစ်သော ဗုဒ္ဓဘာသာဝင် သံဃာတော်များအားလုံးနှင့် လူပုဂ္ဂိုလ်(ဒကာ-ဒကာမ) အားလုံး သည်လည်း မိစ္ဆာဒိဋ္ဌိကများ ဖြစ်ကြသည်။ သူတို့နှင့် ဆန့်ကျင်ဘက်ရန်သူများ ဖြစ်ကြသည်ဟူ၍ပင် ပြောဟောရေးသားထားကြပေသည်။ အမှန်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို သန့်သန့်ကြီး တည်ထောင်နိုင်သည့် အတုမဲ့ အရှင်မြတ်ကြီး ဖြစ်ပါသည်။ အခြားသူတို့၏ ဘာသာဝါဒအတွင်းဝင်ပြီး သူတစ်ပါးတို့၏ ယုံကြည်မှုကို အယောင်ဆောင် မျက်နှာဖုံးစွပ်လျက် အတင်းသိမ်းသွင်းယူခဲ့ခြင်း လုံးဝ မရှိပါ။ ခိုင်ခိုင်မတ်မတ် ရပ်တည်တော်မူလျက် သန့်သန့်ရှင်းရှင်းကြီး ဟောပြောကာ ဘာသာဝါဒသစ်ကို တည်ထောင်တော်မူခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် မိစ္ဆာဒိဋ္ဌိက မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မိစ္ဆာဒိဋ္ဌိက ဖြစ်ကြသည်။ မြတ်ဗုဒ္ဓသည် ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ပဋိပက္ခအရာမှာ တည်သောရန်သူ မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မြတ်ဗုဒ္ဓ၏ ပဋိပက္ခအရာမှာတည်သော ရန်သူကြီးများ ဖြစ်ကြသည်။ သူပုန်ကြီးများ ဖြစ်ကြသည်။ ပစ္စုပ္ပန် ကမ္မဝါဒီတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒသစ်ကို သန့်သန့်ရှင်းရှင်း တည်ထောင်နိုင်စွမ်းရှိသူများ မဟုတ်ကြချေ။

မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝါဒအတွင်းဝင်နေပြီး ဗုဒ္ဓဝါဒယောင် ဆောင်ထားသော မျက်နှာဖုံးစွပ်ဖြင့် ဗုဒ္ဓဘာသာဝင် ဒကာဒကာမအများနှင့် မသိနားမလည်သူအများကို အတင်းသိမ်းသွင်း၍ (သူတို့၏အယူဝါဒ လက်အောက် ကျရောက်လာအောင်) လုယူနေသူများ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏နှုတ်ထွက်တော် ဝေါဟာရတို့ကို အခွံချွတ်ယူပြီး လက်ကိုင်တုတ်လုပ်လျက် ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် ပူးသတ်နေသူများ ဖြစ်ကြသည်။

ထို့ကြောင့်
ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ရှေ့ဘဝနောက်ဘဝ မတွေးရကြောင်း ဟောပြောချက် ရေးသားချက် ဖြန့်ဝေချက် မှန်သမျှသည်လည်းကောင်း၊ ရှေ့ဘဝ နောက်ဘဝ မရှိကြောင်း ဟောပြောရေးသားဖြန့်ဝေချက် မှန်သမျှ သည်လည်းကောင်း၊ မြတ်ဗုဒ္ဓက ရှေ့ဘဝနောက်ဘဝတို့ကို မဟောကြားပါဟု လိမ်ညာလှည့်စားထားသည့် ဟောပြောချက် မှန်သမျှသည်လည်းကောင်း မြတ်ဗုဒ္ဓဟောပြအပ်သော ဓမ္မဝါဒမဟုတ်ကြောင်း (မြတ်ဗုဒ္ဓ မဟောအပ်သော အဓမ္မဝါဒသာ ဖြစ်ကြောင်း) မှတ်ယူကြရမည် ဖြစ်ပါသည်။

(ဃ) အနှစ်ချုပ်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ရှေ့ဘဝနောက်ဘဝတို့ကို ဟောတော်မူပါသည်။ မြတ်ဗုဒ္ဓ၏ ဘာသာဝါဒထဲမှာ ရှေ့ဘဝနောက်ဘဝတို့ ရှိကြပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ရှေ့ဘဝနောက်ဘဝကို မဟောကြချေ။ သူတို့၏ ဘာသာဝါဒ (အတု)ထဲမှာ ရှေ့ဘဝနောက်ဘဝတို့ မရှိကြပေ။ ယခုပစ္စုပ္ပန် တစ်ဘဝမျှသာ ရှိကြပေသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ဤမျှလောက်အထိ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်ပါလျက်နှင့်ပင် မြတ်ဗုဒ္ဓ၏ ဒေသနာတော်များ ဝေါဟာရများကို အတင်းလုယူ သုံးစွဲပြီး မသိနားမလည်သူ ဗုဒ္ဓဘာသာဝင်များကို ဖျက်ဆီးလျက် ရှိကြပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စိစစ်ချက်
တောင်သာအောင်

0 comments:

Post a Comment

ဗုဒ္ဓသာသနာ တည်တန့်စေရန် ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။
ဒို့တတွေ အမှန်တရားကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါစို့။

mmm