ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Sunday, December 20, 2009

ရှေ့ဘဝ နောက်ဘဝ မြတ်ဗုဒ္ဓဟောပါသည်

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စိစစ်ချက်မှ

ရှေ့ဘဝ နောက်ဘဝ မြတ်ဗုဒ္ဓဟောပါသည်

မြတ်ဗုဒ္ဓက ရှေ့ဘဝ နောက်ဘဝတို့အကြောင်းကို အကျယ်တဝင့် ဟောထားပါလျက် ''ရှေ့ဘဝ နောက်ဘဝအကြောင်း မြတ်ဗုဒ္ဓ မဟော''ဟူ၍ ရေးသားထားသော အဓမ္မဝါဒစာပေများ ပြန့်ပွါးနေကြပါသည်။

ပစ္စုပ္ပန်ကမ္မဝါဒီက-

''ကျုပ်တို့က သူတို့ကို အဓိကဆုံးမတာမှာ ဘယ်တရားမှ မရချင်နေ ရချင်ရ ရှေ့ဘဝ နောက်ဘဝကိုတော့ မတွေးရဘူးနော်-လို့ ဆိုတာလောက်ကတော့ ကျုပ်တို့ကို ချဉ်းကပ်နေတဲ့ ချာတိတ်ကလေးတောင် သိတန်ရာတယ်လို့ ထင်တယ်။ (ပ)။ အဲဒီအစဆုံးဖြစ်တဲ့ ရှေ့ဘဝ-နောက်ဘဝ မတွေးရဘူးလို့ ဆိုတဲ့ဟာကို (သူက လျှောက်ထားလာတယ်။) ရှေ့ဘဝ-နောက်ဘဝဟာ တကယ်မြတ်စွာဘုရား မဟောဘူး။ ကျုပ်တို့ကလဲပဲ ရှေ့ဘဝ နောက်ဘဝကိုတော့ဖြင့် လုံးဝ မဟောပြောဘူး။ ရှေ့ဘဝ နောက်ဘဝကို ယူဆတဲ့သူဆိုရင်ဖြင့် မိစ္ဆာဒိဋ္ဌိ ဆိုပြီးသကာလ ကျုပ်တို့နဲ့ ပဋိပက္ခအနေအထားမှာ ရှိတယ်လို့ ပြောတာကို သူ မကြားခဲ့ဖူးသလို ဖြစ်နေတယ်''ဟု ရေးသားထားပါသည်။ (ပစ္စုပ္ပန်ကမ္မဝါဒီ၏ စာအုပ်-နှာ-၂။)

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောကြားချက်များ

(က) အထက်ပါစကားရပ်၌ ''ရှေ့ဘဝနောက်ဘဝကို မြတ်ဗုဒ္ဓ မဟော''ဆိုသည့် အချက်သာ အဓိက ဖြစ်ပါသည်။
မြတ်ဗုဒ္ဓသည် ဝိနယပိဋက၌ ရှေးဘဝမှာ နွားဖြစ်ခဲ့ဖူးသူက ယခုဘဝမှာ ရဟန်းဖြစ်လာကြောင်း၊ ထိုရဟန်းမျိုးက ညအခါမှာ စားမြုံ့ပြန်လျှင် ဝိကာလဘောဇနသိက္ခာပုဒ်အရ အာပတ်မသင့်ကြောင်း ပညတ်တော်မူထားပါသည်။
ယခုဘဝမှာ ပါရာဇိကသိက္ခာပုဒ်တော်ကို ကျူးလွန်သည့် ရဟန်းတို့သည် နောက်ဘဝမှာ ငရဲကျရမည်ဖြစ်ကြောင်း တိရစ္ဆာန်ဖြစ်ရမည်ဖြစ်ကြောင်း ပညတ်တော်မူပါသည်။ သုတ္တန္တပိဋက ဇာတကပါဠိတော်တို့မှာ ရှေ့ဘဝအကြောင်း များကို အကျယ်တဝင့် ဟောထားပါသည်။ အင်္ဂုတ္တိုရ်ပါဠိတော် စသည်တို့မှာ နောက်ဘဝအကြောင်းတို့ကိုလည်း အကျယ်တဝင့် ဟောထားတော်မူပါသည်။ အဘိဓမ္မာပိဋက ခန္ဓယမက ဥပ္ပါဒအတီတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အတိတ်ဘဝခန္ဓာတစ်ပါးဖြစ်ဖူးသူ၊ ခန္ဓာငါးပါးဖြစ်ဖူးသူ စသည်တို့ကို ဟောကြားထားပါသည်။ ၎င်း အနာဂတပုဂ္ဂလောကာသဝါရ စသည်တို့မှာ အနာဂါတ်ဘဝ ခန္ဓာလေးပါး ဖြစ်လိမ့်မည့်သူ ခန္ဓာငါးပါး ဖြစ်လိမ့်မည့်သူ စသည်တို့ကို ဟောထားပါသည်။

(ခ) ရှေ့ဘဝနောက်ဘဝအကြောင်းများကို ဟောပြထားသည့် မြတ်ဗုဒ္ဓ၏ ဒေသနာတော်တို့သည် ဗုဒ္ဓပါဝစနခေါ် ပိဋကသုံးပုံလုံးမှာပင် အနှံ့အပြား အများအပြား ရှိနေကြပါသည်။ အဋ္ဌကထာဋီကာတို့မှာလည်း ပါဠိတော် လာရှိသည့်အတိုင်း အမြောက်အမြား ရှိနေကြပါသည်။ သို့ပါလျက် ပစ္စုပ္ပန်ကမ္မဝါဒီတို့က ''ရှေ့ဘဝ နောက်ဘဝကို ဗုဒ္ဓ မဟော''ဟု ရေးသားခြင်းမှာ အကြီးအကျယ်လိမ်ညာလျက် မျက်နှာပြောင်တိုက်၍ မြတ်ဗုဒ္ဓကို ခုတုံးလုပ်ခြင်းသာ ဖြစ်ပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် သူတို့၏ကိုယ်ပိုင်ဝါဒကို ကိုယ်တိုင်တည်ထောင် နိုင်စွမ်း မရှိခြင်းကြောင့် မြတ်စွာဘုရားကို ခုတုံးလုပ်ထားကြပါသည်။ သူတို့၏ ကိုယ်ပိုင်ဝါဒသည် မြတ်ဗုဒ္ဓ၏ ပဋိပက္ခအနေအထားမှာ တည်ရှိပါလျက် သူတို့၏ဝါဒကို မြတ်ဗုဒ္ဓဝါဒဖြစ်လေယောင် ဟန်ဆောင်ထားကြပါသည်။

များစွာသော ဗုဒ္ဓဘာသာဝင်တို့သည် သေချာတိကျ မသိကြသော်လည်း ရှေ့ဘဝ နောက်ဘဝတို့ကို မြတ်ဗုဒ္ဓ ဟောထားတော်မူကြောင်း အကြမ်းဖျင်းအားဖြင့် သိတော်မူကြပြီးဖြစ်၍ ထိုအသိစိတ်များကို မြတ်ဗုဒ္ဓဖြင့်ပင် တိုက်လှဲချပစ်ရန် အကြံကြီးကြီးကြံလျက် ပြောင်ပြောင်တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား ဟောပြောရေးသား ဖြန့်ဝေနေကြပါသည်။

ရှေ့ဘဝနောက်ဘဝအကြောင်း ဟောပြောသူ မှန်လျှင်ပင် မိစ္ဆာဒိဋ္ဌိ ဖြစ်သည်-တဲ့
(ဂ) မည်မျှအထိ ပြောင်ပြောင် တင်းတင်း ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစား လုပ်သနည်းဟူမူကား ရှေ့ဘဝ နောက်ဘဝတို့ကို ဟောတော်မူသည်သာလျှင် ဖြစ်သော မြတ်ဗုဒ္ဓသည်လည်း မိစ္ဆာဒိဋ္ဌိက ဖြစ်သည်။ သူတို့နှင့် ပဋိပက္ခအရာမှာ တည်သည်။ ရှေ့ဘဝ နောက်ဘဝတို့ကို လက်ခံယုံကြည်သည်သာလျှင် ဖြစ်သော ဗုဒ္ဓဘာသာဝင် သံဃာတော်များအားလုံးနှင့် လူပုဂ္ဂိုလ်(ဒကာ-ဒကာမ) အားလုံး သည်လည်း မိစ္ဆာဒိဋ္ဌိကများ ဖြစ်ကြသည်။ သူတို့နှင့် ဆန့်ကျင်ဘက်ရန်သူများ ဖြစ်ကြသည်ဟူ၍ပင် ပြောဟောရေးသားထားကြပေသည်။ အမှန်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ဗုဒ္ဓဘာသာ ဗုဒ္ဓဝါဒကို သန့်သန့်ကြီး တည်ထောင်နိုင်သည့် အတုမဲ့ အရှင်မြတ်ကြီး ဖြစ်ပါသည်။ အခြားသူတို့၏ ဘာသာဝါဒအတွင်းဝင်ပြီး သူတစ်ပါးတို့၏ ယုံကြည်မှုကို အယောင်ဆောင် မျက်နှာဖုံးစွပ်လျက် အတင်းသိမ်းသွင်းယူခဲ့ခြင်း လုံးဝ မရှိပါ။ ခိုင်ခိုင်မတ်မတ် ရပ်တည်တော်မူလျက် သန့်သန့်ရှင်းရှင်းကြီး ဟောပြောကာ ဘာသာဝါဒသစ်ကို တည်ထောင်တော်မူခဲ့ခြင်းပင် ဖြစ်ပါသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓသည် မိစ္ဆာဒိဋ္ဌိက မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မိစ္ဆာဒိဋ္ဌိက ဖြစ်ကြသည်။ မြတ်ဗုဒ္ဓသည် ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ပဋိပက္ခအရာမှာ တည်သောရန်သူ မဟုတ်ချေ။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည်သာ မြတ်ဗုဒ္ဓ၏ ပဋိပက္ခအရာမှာတည်သော ရန်သူကြီးများ ဖြစ်ကြသည်။ သူပုန်ကြီးများ ဖြစ်ကြသည်။ ပစ္စုပ္ပန် ကမ္မဝါဒီတို့သည် သူတို့၏ ကိုယ်ပိုင်ဝါဒသစ်ကို သန့်သန့်ရှင်းရှင်း တည်ထောင်နိုင်စွမ်းရှိသူများ မဟုတ်ကြချေ။

မြတ်ဗုဒ္ဓ၏ ဗုဒ္ဓဝါဒအတွင်းဝင်နေပြီး ဗုဒ္ဓဝါဒယောင် ဆောင်ထားသော မျက်နှာဖုံးစွပ်ဖြင့် ဗုဒ္ဓဘာသာဝင် ဒကာဒကာမအများနှင့် မသိနားမလည်သူအများကို အတင်းသိမ်းသွင်း၍ (သူတို့၏အယူဝါဒ လက်အောက် ကျရောက်လာအောင်) လုယူနေသူများ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏နှုတ်ထွက်တော် ဝေါဟာရတို့ကို အခွံချွတ်ယူပြီး လက်ကိုင်တုတ်လုပ်လျက် ရှုပ်ရှုပ်ထွေးထွေးဖြစ်အောင် ပူးသတ်နေသူများ ဖြစ်ကြသည်။

ထို့ကြောင့်
ပစ္စုပ္ပန်ကမ္မဝါဒီတို့၏ ရှေ့ဘဝနောက်ဘဝ မတွေးရကြောင်း ဟောပြောချက် ရေးသားချက် ဖြန့်ဝေချက် မှန်သမျှသည်လည်းကောင်း၊ ရှေ့ဘဝ နောက်ဘဝ မရှိကြောင်း ဟောပြောရေးသားဖြန့်ဝေချက် မှန်သမျှ သည်လည်းကောင်း၊ မြတ်ဗုဒ္ဓက ရှေ့ဘဝနောက်ဘဝတို့ကို မဟောကြားပါဟု လိမ်ညာလှည့်စားထားသည့် ဟောပြောချက် မှန်သမျှသည်လည်းကောင်း မြတ်ဗုဒ္ဓဟောပြအပ်သော ဓမ္မဝါဒမဟုတ်ကြောင်း (မြတ်ဗုဒ္ဓ မဟောအပ်သော အဓမ္မဝါဒသာ ဖြစ်ကြောင်း) မှတ်ယူကြရမည် ဖြစ်ပါသည်။

(ဃ) အနှစ်ချုပ်အားဖြင့်မူ မြတ်ဗုဒ္ဓသည် ရှေ့ဘဝနောက်ဘဝတို့ကို ဟောတော်မူပါသည်။ မြတ်ဗုဒ္ဓ၏ ဘာသာဝါဒထဲမှာ ရှေ့ဘဝနောက်ဘဝတို့ ရှိကြပါသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ရှေ့ဘဝနောက်ဘဝကို မဟောကြချေ။ သူတို့၏ ဘာသာဝါဒ (အတု)ထဲမှာ ရှေ့ဘဝနောက်ဘဝတို့ မရှိကြပေ။ ယခုပစ္စုပ္ပန် တစ်ဘဝမျှသာ ရှိကြပေသည်။ ပစ္စုပ္ပန်ကမ္မဝါဒီတို့သည် ဤမျှလောက်အထိ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဘက် ဖြစ်ပါလျက်နှင့်ပင် မြတ်ဗုဒ္ဓ၏ ဒေသနာတော်များ ဝေါဟာရများကို အတင်းလုယူ သုံးစွဲပြီး မသိနားမလည်သူ ဗုဒ္ဓဘာသာဝင်များကို ဖျက်ဆီးလျက် ရှိကြပါသည်။

ပစ္စုပ္ပန်ကမ္မ၀ါဒကို စာပေတင်၍ စိစစ်ချက်
တောင်သာအောင်

Thursday, December 10, 2009

ဓမ္မစေတီသည် ပဋိသမ္ဘိဒါနည်းကိုသိလျှင် တရားထိုင်စရာမလိုပါဟု အခန်း (၁၈)

အခန်း (၁၈)

ဓမ္မစေတီသည် ပဋိသမ္ဘိဒါနည်းကိုသိလျှင် တရားထိုင်စရာမလိုပါဟု
ဆိုနေသူဖြစ်ပါသည်။ ယင်းအဆိုသည် အလွန်မှားပါသည်။ သို့ပါလျက်-သူက
ပင် တရားထိုင်တာကိုမှားသည်ဟု မပြောပါဟုလည်း ဆိုပြန်ပါသည်။ သြော်ခက်ပါဘိ။
မြန်မာပြည်ရှိ တရားသမားတို့သည် မလိုအပ်သော အပိုအလုပ်
တွေကို ဒုက္ခခံပြီးလုပ်နေကြသူတွေဟု စွပ်စွဲနေပြန်ပါပေါ့လား။










Saturday, November 14, 2009

၎- ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ

(ဘုရားဖြစ်ခန်းဟောပြောချက်များကြောင့်
ဘာသာရေးစာပေကြီးတစ်ခုလုံးမှားယွင်းသွားပြီမို့ နိဗ္ဗာန်နှင့်လွဲကြပြီ)
(ဆောင်းပါးအမှတ်စဉ်-၄)

''အဲဒါတွေကိုထောက်၍-
(၁) ပဋိစ္စသမုပ္ပါဒ်ဖြင့် ဘုရားဖြစ်။ သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာဖြစ်။
(၂) သတိပဋ္ဌာန်လေးပါးဖြင့် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ၊ ဘုရားဖြစ်။
(၃) ဥပါဒါနက္ခန္ဓာငါးပါးကို ဖြစ်ပျက်ရှုပြီး ဘုရားဖြစ်။
အခု....(ပ)....အများကြီး မသိနဲ့အုံး။ (မြန်စွာဘုရားရှင်သိအပ်သောတရား။ ဗွီစီဒီခွေ။)
(၁) ''န ဟိ ခဏိကသမာဓိံ ဝိနာ ဝိပဿနာ သမ္ဘဝတိ။ (ဓမ္မဒါယာဒသုတ်ဋီကာ၊ ဝိသုဒ္ဓိမဂ်မဟာဋီကာ) တို့ကို ကြည့်လိုက်ရင် ခဏိကသမာဓိတောင် မရနိုင်တဲ့ ဝိပဿနာနဲ့ စိတ်နဲ့မကပ်တဲ့- ပုဂ္ဂိုလ်တွေအတွက် အဲဒီလို ယူတာ လှမ်းတာ ကြွတာ လှုပ်ရှားမှုတိုင်းကို မှတ်ခိုင်းရပါတယ်။ သမာဓိအာရုံတွေ တည်ကြည် သွားပြီဆိုရင်တော့ ပဋိစ္စသမုပ္ပါဒ် အကြောင်းတရားဖြစ်တဲ့ အဝိဇ္ဇာ၊ တဏှာ၊ တစ်နည်းအားဖြင့် ဥပါဒါန က္ခန္ဓာရဲ့ တရားခံကို တန်းရှုရင်လဲ ကိစ္စပြီးပါတယ်။ ဒါကြောင့် အဲသလို နည်းတွေရှိတဲ့အထဲက တရားကို မထိုင်ရဘူးလို့ ဓမ္မစေတီ မဟောပါ။ မေတ္တာသုတ်ကို တို့ဆရာသမားက ရပ်နေစဉ် သွားနေစဉ်၊ ထိုင်နေစဉ် လျောင်းနေစဉ် မေတ္တာပို့လို့ ရတာပဲလို့ ဆိုတော့ ဝိပဿနာရှုလို့ရတာ ဖြစ်ခြင်းကြောင့် တရားထိုင်တာကို တစ်ခါမှ အပြစ်မပြောခဲ့ပါဘူး။ ထိုင်ရုံသာလျှင် တရားမဟုတ်ဘူးလို့ပြောတာ။ လေးပါဣရိယာ ဟောထားပါတယ်။ အခုနည်း ပဋိစ္စသမုပ္ပါဒ်ရှုတဲ့နေရာမှာတော့ ထိုင်ချင်လဲထိုင်။ ထချင်လဲထ။ ပါဠိတော်က ရှိတဲ့အရာကို အဋ္ဌကထာက ဒီလို ဖွင့်ပြပါတယ်။ (ပ)

ရှင်းရှင်းပြောရင် ပဋိစ္စသမုပ္ပါဒ-က အကြောင်းတရား။ ဓမ္မ-က အကျိုးတရား။ ဒီလို ခွဲရတယ်။ ယော၊ အကြင်ပဋိစ္စသမုပ္ပါဒ်=အကြောင်းကို နားလည်လိုသော ပုဂ္ဂိုလ်သည်။ ဥပါဒါနက္ခန္ဓာတွေရှုတဲ့ ဒဿနသမ္ပဒါနည်းကို သိလိုသောပုဂ္ဂိုလ်သည်။ အကြောင်းတရားဖြစ်သော အဝိဇ္ဇာ တဏှာတို့ကို ကြည့်ပါ။ မြင်ပါ။ မြင်အောင်လုပ်ပါ။ သိအောင်လုပ်ပါ။ အဲလိုမြင်အောင်လုပ်ရင် ပဋိစ္စသမုပ္ပန္နဆိုတဲ့ ဥပါဒါနက္ခန္ဓာတွေကို မြင်လာရမယ်။ အကြောင်းမြင်ရင် အကျိုးမြင်တာပဲ။
(၎င်း၊ စာမျက်နှာ၊ ၁၄-၁၅)

စိစစ်ချက်။ ။ ဋီကာကြီးနှစ်စောင်ကို ကျမ်းကိုးအဖြစ် ထုတ်ပြထားပါသည်။ သို့သော် လှမ်းတာ ကြွတာ စသည်တို့၌ သတိ+ပညာ ဘာဝနာဖြင့် ရဟန္တာဖြစ်ဖူးကြပါပြီ။ ထို့ကြောင့် လှမ်းတာ ကြွတာ စသည်တို့၌ သတိ+ပညာ ဘာဝနာတို့သည် ခဏိကသမာဓိ မရရှိသူများအတွက်သာ အကျိုးရှိစေသည် မဟုတ်ပါ။ ခဏိကသမာဓိ ရရှိသူများအတွက်လည်း အကျိုးပြုကြသည်။ အထက်ပါထဲတွင် ''အဝိဇ္ဇာ တဏှာသည် ဥပါဒါနက္ခန္ဓ၏တရားခံ ဖြစ်သည်။ (ဝါ)အကြောင်းတရား ဖြစ်သည်။ (ဝါ) ပဋိစ္စသမုပ္ပါဒ် ဖြစ်သည်''ဟုပါရှိရာ ဥပါဒါနက္ခန္ဓာသည် အဝိဇ္ဇာတဏှာ၏ အကျိုးတရား ဖြစ်သည်ဟူ၍ အဓိပ္ပါယ် ထွက်ပါသည်။ ဤအဓိပ္ပါယ်သည် ဤပဋိစ္စသမုပ္ပါဒ်အရာတွင် အလွန်မှန်သောအဓိပ္ပါယ် ဖြစ်၏။ မှန်သော အဓိပ္ပါယ်ကို သေချာမှတ်ထားပါ။

တစ်ဖန်- ''ပဋိစ္စသမုပ္ပါဒ-က အကြောင်းတရား။ ဓမ္မ-က အကျိုးတရား''ဟုဆိုရာတွင် လုံးကောက်အဓိပ္ပါယ်သာ မှန်၍ ဝါကျတ္ထ=အပေါင်းအဓိပ္ပါယ်မှားနေပုံတို့ကို တင်ပြခဲ့ပြီး ဖြစ်ပါသည်။ တစ်ဖန်- ''အကြောင်းမြင်ရင် အကျိုးမြင်တာပဲ''ဟု ဆိုရာတွင် အကြောင်းကို မြင်ရုံမျှသည် အကြောင်းကိုသာ မြင်ကြောင်း၊ အကြောင်းတရားနှင့် အကျိုးတရားတို့ အချင်းချင်း ဆက်စပ်နေပုံ အခြင်းအရာတို့ကို မြင်မှသာလျှင် အကြောင်းကို မြင်သည်နှင့် တစ်ဆက်တည်းပင် အကျိုးကိုပါ မြင်နိုင်ကြောင်းတို့ကိုလည်း တင်ပြခဲ့ပြီး ဖြစ်ပါသည်။

တစ်ဖန် - ''ဥပါဒါနက္ခန္ဓာတွေကိုရှုတဲ့ ဒဿနသမ္ပဒါနည်းကို သိလိုသောပုဂ္ဂိုလ်သည်''ဟု ဆိုရာတွင် 'ဒဿနသမ္ပဒါနည်းကို သိလိုသူသည် ဥပါဒါနက္ခန္ဓာတွေကို ရှုရသည်' ဟူ၍ အဓိပ္ပါယ်ထွက်ပါသည်။ သို့သော် 'အဝိဇ္ဇာတဏှာတို့ကို ကြည့်ပါ။ မြင်အောင်လုပ်ပါ'ဟု ဆက်ဆိုလာသဖြင့် အရှုခံတရားမှာ နှစ်မျိုး ကွဲလာကြောင်း တွေ့ကြရပါသည်။

၁။ ဥပါဒါနက္ခန္ဓာတွေကို ရှုရမှာလား (သို့မဟုတ်) (ဥပါဒါနက္ခန္ဓာအစစ်သည် အကျိုးတရားပါ။)
၂။ အဝိဇ္ဇာတဏှာတွေကို ရှုရမှာလား (သို့မဟုတ်) (ˆ¤င်းတို့သည်ကား အကြောင်းတရားပါ။)
၃။ ဥပါဒါနက္ခန္ဓာဆိုတာ အဝိဇ္ဇာတဏှာတွေပါပဲ။ အဝိဇ္ဇာတဏှာဆိုတာ ဥပါဒါနက္ခန္ဓာတွေပါပဲ- ဟူ၍ ဆိုလိုပါသလား။

ဤသုံးချက်တို့တွင် တတိယအချက်တိုင်းယူလျှင် 'အကြောင်းတရားဖြစ်တဲ့ အဝိဇ္ဇာ တဏှာ တနည်းအားဖြင့် ဥပါဒါနက္ခန္ဓာရဲ့တရားခံ' ဟူသောစကားနှင့် ဆန့်ကျင်နေပါသည်။ ထို့ပြင် အကြောင်းတရားဖြစ်သော အဝိဇ္ဇာတဏှာတို့ကို မြင်အောင်လုပ်လျှင် (အကျိုးတရားဖြစ်သော) ပဋိစ္စသမုပ္ပန္န= ဥပါဒါနက္ခန္ဓာ တွေကို မြင်လာရမယ်-ဟုဆိုရာတွင် မေးခွန်းနှစ်ခု ရှိပါသည်။ ဤမေးခွန်းတို့ကို ဖြေနိုင်မှသာလျှင် ပဋိစ္စသမုပ္ပါဒ်ဖြစ်ပုံ (ဝါ)ပစ္စယာကာရဖြစ်ပုံကို နားလည်နိုင်မည်ဖြစ်သောကြောင့် မေးပြပါဦးမည်။

အမေး။ ။အကြောင်းတရားဖြစ်သော အဝိဇ္ဇာတဏှာတို့ကိုမြင်လျှင် အကျိုးတရားဖြစ်သော ပဋိစ္စ သမုပ္ပန္နတို့ကို အဘယ့်ကြောင့် မြင်လာရပါသနည်း။ (အဖြေမှာ လွယ်ပါပြီ။)

အမေး။ ။အကျိုးတရားဖြစ်သော ပဋိစ္စ သမုပ္ပန္နတို့ကို မြင်လျှင် အကြောင်းတရားဖြစ်သော အဝဇ္ဇိာတဏှာတို့ကို အဘယ့်ကြောင့် မြင်လာရပါသနည်း။ (အဖြေမှာ လွယ်ပါပြီ။)

တစ်ဖန်= ''ပဋိစ္စသမုပ္ပန္နဆိုတဲ့ ဥပါဒါနက္ခန္ဓာတွေ''ဟုဆိုရာတွင် ယင်းစကားကို ဖြောင့်လိုက်လျှင် 'ဥပါဒါနက္ခန္ဓာတွေကို ပဋိစ္စသမုပ္ပန္နဟု ခေါ်ဆိုသည်။ (ဝါ) ယင်းနှစ်ခုတို့သည် အရတူများတည်း'ဟူ၍ ဖြစ်လာပါသည်။ အရတူဟုတ်ပုံ-မဟုတ်ပုံတို့ကို စစ်ပြပါ့မည်။

ပဋိစ္စသမုပ္ပန္နဟု ခေါ်ဆိုအပ်သော ဥပါဒါနက္ခန္ဓာအစစ် ဥပါဒါနက္ခန္ဓာအစစ်ကို ဓမ္မစကြာစသည်တို့မှာ ဟောပြထားပါသည်။ ''ဇာတိပိ ဒုက္ခာ။ ဇရာပိ ဒုက္ခာ။
ဗျာဓိပိ ဒုက္ခော။ မရဏမ္ပိ ဒုကံ္ခ။ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခော။ အပ္ပိယေဟိ သမ္ပယောဂေါ ဒုက္ခော။ ယံမ္ပိစ္ဆံ န လဘတိ-တမ္ပိ ဒုက္ခံ။ သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ'' စသည်တို့ပင်တည်း။

အကျယ်အားဖြင့်မူ ဇာတိ= အဖန်ဖန် ပဋိသန္ဓေနေရခြင်းသဘော၊ အဖန်ဖန်မွေးရခြင်း သဘောသည်လည်း ဒုက္ခမည်၏။ (ပ) အကျဉ်းအားဖြင့်မူ ဥပါဒါန်တို့၏ အာရုံဖြစ်ကုန်သော ခန္ဓာငါးပါးတို့သည် ဒုက္ခမည်၏ဟု မြန်မာပြန်ရပါသည်။

ယင်းပါဠိတော် - မြန်မာပြန်တို့တွင် အကျယ်= အကျဉ်းဟူ၍ ပါရှိသည်။ ကြပ်ပေါင်ကွင်း (သားရေပင်)ကို လက်အားဖြင့် ဆွဲဆန့်ထားလျှင် ကျယ်လည်းကျယ်၍္ဒရှည်လည်းရှည်ပါသည်။ လက်ဆွဲအားမှ ပြန်၍ လွှတ်ထားလျှင်
နဂိုအတိုင်းသာရှိ၍ ကျဉ်းလည်းကျဉ်းကာ တိုလည်းတိုပါသည်။ ဆိုလိုသည်မှာ အကျယ်အရနှင့် အကျဉ်းအရသည် မူလကိုယ်ထည်အားဖြင့် တစ်ခုတည်းသာ ဖြစ်၏ (ဝါ)အတူတူသာ ဖြစ်၏ဟု ဆိုလိုပါသည်။ ထို့ကြောင့် အကျယ်ပြဖြစ်သော ဇာတိ၊ ဇရာ စသည်တို့၏ အရတရားနှင့် အကျဉ်းပြဖြစ်သော ပဉ္စုပါဒါနက္ခန္ဓာ အရတရားတို့သည် အတူတူသာ ဖြစ်ကြပါသည်။ သို့ရာတွင် ဇာတိဇရာ စသည်တို့သည် ဝေါဟာရအားဖြင့် သုတ္တန်နည်း ဖြစ်ပါသည်။ ခန္ဓာတို့သည် ပရမတ်အားဖြင့် အဘိဓမ္မာနည်း ဖြစ်ပါသည်။

ထို့ပြင် ဇာတိပုဒ်ဖြင့် အဖန်ဖန်ပဋိသန္ဓေ နေရခြင်းသဘော၊ အဖန်ဖန်မွေးရခြင်းသဘော (အာကာရပညတ်) ကို မုချအားဖြင့် ပြသည်။ ယင်းအာကာရပညတ်သည် ပရမတ်တရားတို့၏ အရိပ်မျှသာဖြစ်ခြင်းကြောင့် မူလကိုယ်ထည် ပရမတ်ကို ရောက်အောင် လိုက်၍ ယူလျှင် ဇာတိပုဒ်ဖြင့် ဇာတိအခြင်းအရာအားဖြင့်ဖြစ်သော၊ အာကာရဝန္တဖြစ်သော၊ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသဘော ပါရှိသော ဥပါဒ်ဌီဘင်ရှိ-ခဏတ္တယဝန္တဖြစ်သော ပဋိသန္ဓေခန္ဓာငါးပါးကို ပြသည်။ 'ဖြစ်တည်ပျက်' သုံးပါးရှိ ခန္ဓာတရားစု ဖြစ်ပါသည်။ ဇရာစသည့်ပုဒ်တို့မှာ နည်းတူပင်တည်း။ ယင်းခန္ဓာတို့သည် ပဋိစ္စသမုပ္ပါဒ်အရာတွင် သမုဒယသစ္စာ၊ သမုဒယသာမည၊ ဥပါဒါန်တို့ကြောင့် ဖြစ်လာကြသော အကျိုးတရားများ ဖြစ်ကြကုန်၏။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ အဇ္ဈတ္ထ၊ ဗဟိဒ္ဓ၊ ဒူရ၊ အာသန္န၊ ဟီန၊ ပဏီတ၊ သုခုမ၊ သြဠာရိက-အခြင်းအရာ (၁၁)ပါးတို့ဖြင့် ကွဲပြားခြင်း သဘောရှိကြကုန်၏။ ယင်းအခြင်းအရာတို့ကို စုပေါင်းထားခြင်းကြောင့် ခန္ဓ=ရာသိ(အစုအပုံ)ဟု ခေါ်ဆိုရခြင်းပင် ဖြစ်ပါသည်။ ခန္ဓ=ရာသိ ဖြစ်လာသော ပရမတ်တရားတို့ကြောင့် အသွင်အပြင် အစဉ်အတန်း အစရှိသော ပုံစံများ၊ အရိပ်များ ထွက်ပေါ်လာကြသည်။ ယင်းပုံတို့သည် လှသည်ဟူ၍ နတ်ဟူ၍ သိစေတတ်သောကြောင့် ယင်းပုံတို့ကို ပညတ်ဟု ခေါ်သည်။ ယင်းပုံ(ပညတ်)တို့ကို အာရုံပြု၍ ဥပါဒါန်(တဏှာ၊ဒိဋ္ဌိ)တို့သည် ဖြစ်လာကြကုန်၏။

ထို့ကြောင့် ယင်းပုံ(ပညတ်)တို့ကို သုတ္တန်နည်းအားဖြင့် ဥပါဒါနက္ခန္ဓာ(အတု)ဟု ခေါ်နိုင်သည်။ ပုံ(ပညတ်)တို့၏ မူလကိုယ်ထည်ဖြစ်သော စုပေါင်းမိနေကြသော ရုပ်နာမ်တရားစုတို့သည် အဆိုပါ ဥပါဒါန်တို့၏အာရုံ ဖြစ်နိုင်သောကြောင့် ယင်းရုပ်နာမ်တရားစု(ပရမတ်)တို့ကို အဘိဓမ္မာနည်း မုချနည်းအားဖြင့် ဥပါဒါနက္ခန္ဓာ(အစစ်)ဟု ခေါ်ပါသည်။ ဤဥပါဒါနက္ခန္ဓအစစ်တို့သည်ကား ဥပါဒါန်တို့ကို ဖြစ်စေတတ်ကုန်သော အာရမ္မဏပစ္စယအမည်ရှိ= အကြောင်းတရားများ ဖြစ်ကြပါသည်။ ဝိပဿနာ အရှုခံဖြစ်သော ဥပါဒါနက္ခန္ဓာအရမှာ ပုံရိပ်ထွက်ရာမူလကိုယ်ထည်ဖြစ်ကုန်သော အစစ်ခန္ဓာ (ရုပ်နာမ်တရားစု)တို့သာ ဖြစ်သည်။

ပဋိစ္စသမုပ္ပန္နဟု မဆိုထိုက်သော ဥပါဒါနက္ခန္ဓာအတု ဥပါဒါနက္ခန္ဓာအတုကို မဖော်ပြမီ ကြိုတင်သိထားရမည်တို့ကို ဖော်ပြရလျှင် - ပိဋကတ်သုံးပုံတို့တွင် ဥပါဒါနက္ခန္ဓအစစ်ဟူ၍ ရှိသည်။ ဥပါဒါနက္ခန္ဓာအတုဟူ၍ လုံးဝမရှိပါ။ သို့ဖြစ်လျှင် အဘယ်မှာရှိ၍ တင်ပြမည်နည်းဟု မေးလျှင် ဓမ္မစေတီ၏ဟောတရားခွေများနှင့် သူ၏ ဆရာများဖြစ်ကြသော ဦးညွန့်၊ ဦးမြင့်သိန်း၊ ဦးကြိုင်၊ ဦးနာရဒ၊ ဦးသောဘဏ စသူတို့၏ စာအုပ်များအတွင်းမှာ ရှိကြပါသည်။ ထို့ကြောင့် ဓမ္မစေတီခွေတို့မှ ထုတ်ပြရလျှင်- (ဥပါဒါနက္ခန္ဓအတုတို့ကိုသာလျှင် ဂရုပြုလျက် ကြည့်ရှုသုံးသပ်ကြပါကုန်။ ပြပါမည်။)

ခန္ဓာ (အကျိုးခန္ဓာ)
ဖြစ်တည်ပျက် = ခဏတ္တယရှိ။
ဓါတ်ကြီးလေးပါးကိုမှီသည်။
ကျား/မ ရှိ။ (ပြယုဂ်မှာ)
ရွာထဲကစာပါ။ အစစ်ခန္ဓာ၊ သင်္ခတတရား။
ဝိပဿနာမရှုရတဲ့ခန္ဓာ။
မုဆိုးသမီးအစစ်ကိုမြင်သိနေရင်
သံဝေဂရရုံပဲ ရှိတယ်။
ဓမ္မတာအနိစ္စ ရှိ။ ဓမ္မတာဒုက္ခ ရှိ။
ဓမ္မတာအနတ္တ ရှိ။
========
ဥပါဒါနက္ခန္ဓာ (အကြောင်းခန္ဓာ)
ဖြစ်ပျက် = ဥပ္ပါဒဝယရှိ။
ဥပါဒါန်လေးပါကိုမှီသည်။
ကျား/မ-မရှိ။ (ပြယုဂ်မှာ-)
ဥပကစိတ်ထဲကစာပါကလေး။
အတုခန္ဓာ။ တကယ်မရှိဘူး။
ဥပါဒါန်ဆွဲအားကြောင့် ပါလာတဲ့ခန္ဓာ။
ဝိပဿနာရှုတဲ့ပုဂ္ဂိုလ်က
ဒီ ဥပါဒါနက္ခန္ဓာကိုသာ မြင်သိမှ တရားရတယ်။
အနိစ္စ=နဂိုကမရှိဘူး။ အခုမှ
ဥပါဒါန်ဆွဲအားကြောင့်ရှိလာတာ။
အမြဲမရှိတဲ့အနိစ္စ။
ဒုက္ခ= ဥပါဒါန်ကနှိပ်စက်နေလို့
ညှင်းဆဲနေတဲ့ဒုက္ခ။
အနတ္တ = အနှစ်အသားမရှိဘူး။
ကိုင်လို့မရဘူး။ ဆိတ်သုန်းနေတဲ့ အနတ္တ။

မှာထားချက်။ ။ဤခွဲခြားချက်တို့သည် သြစတြေးလျားနိုင်ငံတွင် ဓမ္မစေတီဟောပြောသည့် ဒဿနသမ္ပဒါ တရား(၈)ချပ်တွဲ (ဒု၊တ၊စ)တို့မှ နုတ်ပြု၍ကူးယူတင်ပြချက်များ ဖြစ်ပါသည်။ ဓမ္မစေတီတရားပြန့်ပွားစေရန် ဗျတိရေကနည်းဖြင့် ဖြန့်ချိပေးလိုက်ပါသည်။ ကျေးဇူးတင်စွာ ဝမ်းမြောက်စွာ ကြည်သာရွှင်လန်းပါစေသော်။
စိစစ်ချက်။ ။ဒဿနသမဒ္ပါတရား (ဒု) ခွေထဲတွင် ''အကျိုးခန္ဓာ ၊ အကြောင်း ခန္ဓာလို့ နှစ်မျိုးရှိပါတယ်။ ဒီကနေ့ တရားလုပ်တဲ့ သူတွေက အကျိုးခန္ဓာလို့ခေါ်သော ပဉ္စက္ခန္ဓာ ပယ်ဖို့အားထုတ်နေရင် အဲဒီအကျိုးခန္ဓာကို သတ်လို့သေရင် အဲဒါဟာ ဥစ္ဆေဒဒိဋ္ဌိပဲ။ ဒါက ကံခန္ဓာပဲ။ ဝိပဿနာရှုရမယ့်ခန္ဓာ မဟုတ်ဘူး။ အဲဒါကြီး (အကျိုးခန္ဓာကြီး)ကိုပဲ ဒီကနေ့ မြန်မာတစ်ပြည်လုံး ပယ်ဖို့ အားထုတ်နေကြတယ်။ အကြောင်းခန္ဓာလို့ခေါ်သော ဥပါဒါနက္ခန္ဓာကို မပယ်ဘဲ လက်ခံထားရင် သဿတိဒိဋ္ဌိပဲ။ သွားပြီ''ဟူ၍ ဟောပြထားပါသည်။

ထေရဝါဒ အထူးတရားပွဲကြီး ခွေထဲတွင် ''ကောင်မလေးရဲ့ ရေချိုးတဲ့ခန္ဓာ၊ သနပ်ခါးလိမ်းတဲ့ခန္ဓာ၊ ထမင်းစားတဲ့ခန္ဓာ၊ ရှူးရှူးပေါက်တဲ့ခန္ဓာ၊ အဲဒါတွေဟာ အပိုခန္ဓာ မဟုတ်ပါဘူး။ နဂိုခန္ဓာပါ။ ကိုယ်တော်ကလေးရဲ့ သန္တာန်မှာ ကောင်မကလေးကို ဥပါဒါန်နဲ့ပုံဖွဲ့လိုက်တဲ့အခါ အပိုခန္ဓာ ပေါ်လာပါတယ်။ အဲဒါ သေပြီးသားခန္ဓာ။ တကယ်မရှိတော့တဲ့ခန္ဓာ။ အပိုခန္ဓာပါ။ အဲဒီခန္ဓာကိုသာ ဝိပဿနာရှုရပါတယ်။ သည်လိုခန္ဓာနှစ်မျိုးကွဲအောင် လုပ်ပါ။ ခန္ဓာနှစ်မျိုး မကွဲလို့ရှိရင် ဒိဋ္ဌိမပြုတ်ပါဘူး။

ဒါကြောင့်မို့ -
--သောတာပန်ဖြစ်ချင်ရင် ဥပါဒါနက္ခန္ဓာငါးပါးကို ရှုပါ။
--ရဟန္တာဖြစ်ချင်ရင်လဲ ဒါပါပဲ။
--ဘုရားဖြစ်ချင်ရင်လဲ ဒါပါပဲ''ဟူ၍ ဟောပြထားပါသည်။
''အဲဒီခန္ဓာသည် ဥပါဒါနက္ခန္ဓာပါ။ ဖြစ်ပျက်ခန္ဓာလို့ ဆိုသည်။ ဖြစ်ပျက်ဆုံးရင် နိဗ္ဗာန်ဆိုတာ အဲဒီဥပါဒါနက္ခန္ဓာကို ဆိုတာ။ ပဉ္စက္ခန္ဓာဆုံးရင်တော့ သုသာန်ပါပဲ'' ဟုလည်း ဆိုထားပါသည်။


ဝိဘဇ္ဇ၀ါဒီ