ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Monday, October 5, 2009

ဤကိစ္စကို လေးလေးနက်နက် ဆင်ခြင်စဉ်းစား နှလုံးထားတော်မူကြပါဘုရား။

ဤကိစ္စကို လေးလေးနက်နက် ဆင်ခြင်စဉ်းစား နှလုံးထားတော်မူကြပါဘုရား။

သံဃအဖွဲ့အစည်းအခြေခံစည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက် စာမျက်နှာ(၂ဝ) အခန်း(၁) အပိုဒ်(၂) အပိုဒ်ခွဲ(က)၌ သာသနာဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား၏ အဆုံးအမတော်ကို ဆိုသည်ဟုလည်းကောင်း၊ အပိုဒ်ခွဲ(င)၌ ထေရဝါဒဆိုသည်မှာ ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ သင်္ဂါယနာခြောက်တန် တင်ထားသော ပါဠိတော် အဋ္ဌကထာ ဋီကာ အစရှိသော ပိဋတတ်ကို ဆိုသည်ဟုလည်းကောင်း၊ ယင်းအခြေခံစည်းမျဉ်း အခန်း(၂ဝ) အပိုဒ်(၁၂) အပိုဒ်ခွဲ(ဂ)၌ ပရိယတ္တိသာသနာတော်ကို တိုးတက်စည်ပင်ပြန့်ပွါးစေရန်နှင့် ပိဋကတ်တော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို တားဆီးကာကွယ်ရန် ဖြစ်သည်ဟုလည်းကောင်း၊ အပိုဒ်(၁၃)၌ သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆောင်ရွက်ချက်ကို ဖေါ်ပြပါ အခြေခံမူများ၊ ရည်ရွယ်ချက်များနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခွင့် ရှိသည်ဟုလည်းကောင်း ပြဆိုထားပါသည်။

ဤပြဆိုချက်များကို ပေါင်းရုံးသုံးသပ်ပါက မြတ်စွာဘုရား၏ အဆုံးအမ သာသနာတော်ဖြစ်သော ပထမသင်္ဂါယနာမှ ဆဋ္ဌသင်္ဂါယနာအထိ သင်္ဂါယနာခြောက်တန် တင်ထားသော ထေရဝါဒပါဠိတော် အဋ္ဌကထာ ဋီကာ အစရှိသော ပိဋကတ်တော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီးကာကွယ် နိုင်သည်ဟု အဓိပ္ပါယ် ရရှိပါသည်ဘုရား။ သို့ဖြစ်၍ ထေရဝါဒဗုဒ္ဓသာသနာတော်နှင့် မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်း များကို အရေးယူ တားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရှိသည်ကို သိတော်မူကြစေရန် လျှောက်ထားပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း အခန်း(၂) အပိုဒ်(၄)၌ ပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း၌ ဤစည်းမျဉ်းအရ သတ်မှတ်ထားသည့် ဂိုဏ်းပေါင်းစုံပါဝင်သော သံဃာ့အဖွဲ့အစည်း တစ်ခုတည်းသာ ရှိရမည်ဟုလည်းကောင်း၊ အပိုဒ်(၅)၌ ပြည်ထောင်စုမြန်မာနိုင်ငံတော်တစ်ဝန်းလုံးရှိ ထေရဝါဒသံဃာ့ဂိုဏ်းအသီးသီးမှ ရဟန်းသံဃာဟူသမျှသည် ပြည်ထောင်စုမြန်မာနိုင်ငံတော် သံဃာ့အဖွဲ့အစည်းအတွင်း၌ အလိုအလျှောက် ပါဝင်ပြီးဖြစ်သည်ဟုလည်းကောင်း ပြဋ္ဌာန်းထားပါလျက် ယခုအခါ အချို့ရဟန်းသာမဏေများသည် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် ကြီးကြပ်အုပ်ချုပ်မှုကို မခံယူသည့် တရားမဝင်သော သံဃာ့အဖွဲ့အစည်းများ ဖွဲ့စည်း လျက် ဆောင်ရွက်နေကြပါသည်ဘုရား။ ယင်းသို့ ဆောင်ရွက်နေကြခြင်းသည် အဆိုပါ သံဃာ့အဖွဲ့အစည်း အခေခြခံ စည်းမျဉ်း အပိုဒ်(၄) အပိုဒ်(၅)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်ကြသည့်အပြင်- နိုင်ငံတော် သံဃမဟာနာယကအဖွဲ့မှထုတ်ပြန်သော ညွှန်ကြားလွှာအမှတ်(၈၁)ကို လည်း ဖေါက်ဖျက်ကျူးလွန်ရာ ရောက်ပါသည်။

ထို့ပြင် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရက ထုတ်ပြန်သော အမိန့်အမှတ်(၆/၉ဝ)နှင့် သံဃာ့အဖွဲ့အစည်း ဆိုင်ရာဥပဒေ ဥပဒေအမှတ်(၂ဝ/၉ဝ)တို့ကိုလည်း ကျူးလွန်ရာရောက်ပါသည်ဘုရား။

သို့ဖြစ်ပါ၍ အဆိုပါစည်းမျဉ်းဥပဒေများကို ရဟန်းသာမဏေတိုင်း သိနေကြဖို့ အထူးလိုအပ်ပါသည်။ ထို့ကြောင့် ဤစည်းမျဉ်းဥပဒေများကို ရဟန်းသာမဏေများ သိနားလည်အောင် သံဃာ့အဖွဲ့အစည်းဝင် ဆရာတော်များ၊ ကျောင်းထိုင်-ကျောင်းပိုင်ဆရာတော်များ၊ ကျောင်းတိုက်ဆရာတော်များ၊ စာချဆရာတော်များက
အခွင့်အခါသင့်တိုင်း ဟောပြောဆုံးမတော်မူကြရန် တပည့်တော်တို့ မဟာနာယကအဖွဲ့က ဆောင်ရွက်ပေးသင့်ပါသည် ဘုရား။

နိုင်ငံတော်သံဃနာယကဆရာတော်အရှင်မြတ်တို့ဘုရား - မြတ်စွာဘုရားသည် သုက္ကပက္ခ၌လည်း ''ယေ တေ ဘိက္ခဝေ အဓမ္မံ အဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနဟိတာယ ပဋိပန္နာ ဗဟုဇနသုခါယ ဗဟုနော ဇနဿ အတ္ထာယ ဟိတာယ သုခါယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ ပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ ဌပေန္တီ''တိ။ ပ ။ ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန်မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်မဟုတ်သော အဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန်ဖြစ်သော ဓမ္မကို တရားစစ်တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ ဝိနည်းစစ်ဝိနည်းမှန် မဟုတ်သော အဝိနယကို ဝိနည်းစစ်ဝိနည်းမှန်မဟုတ်သော အဝိနယ ဟုလည်းကောင်း၊ ဝိနည်းစစ်ဝိနည်းမှန်ဖြစ်သော ဝိနယကို ဝိနည်းစစ်ဝိနည်းမှန်ဖြစ်သော ဝိနယဟုလည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်မပြောအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရားဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်ပြောအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ဟုလည်းကောင်း၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ ဟုလည်းကောင်း ပြကြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများစီးပွါးချမ်းသာဖြစ်ခြင်း၊ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏အစီးအပွါးဖြစ်ခြင်း၊ ချမ်းသာခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း တည်တံ့စေသည် မည်ကုန်၏ဟု ဟောတော်မူခဲ့ပါသည်ဘုရား။
(အံ၊ ၁၊ ၁၉။)

သို့ဖြစ်ပါ၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့နှင့်တကွ သဃာ့အဖွဲ့အစည်း အသီးသီး၌ ပါဝင်သော အရှင်မြတ်များသည် လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌မပါဝင်သော အရှင်မြတ်တို့သည် လည်းကောင်း မြတ်စွာဘုရား၏ တပည့်သာဝကဖြစ်သော ရဟန်းသာမဏေအားလုံးတို့သည် လူအများ၏ စီးပွါးချမ်းသာဖြစ်ခြင်း၊ အကျိုးဖြစ်ခြင်းငှါ နတ်လူတို့၏အစီးအပွါးဖြစ်ခြင်း၊ ချမ်းသာခြင်းငှါ ကျင့်သောပုဂ္ဂိုလ်၊ များစွာသော ကုသိုလ်တရားကိုလည်း ဖြစ်စေသောပုဂ္ဂိုလ်၊ ဤသာသနာတော်ကိုလည်း တည်တံ့စေသောပုဂ္ဂိုလ်များ ဖြစ်အောင် ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူကြပါဟု တိုက်တွန်းလျက် ဘုရားတပည့်တော်၏ သာရဏီယသြဝါဒကထာကို နိဂုံးချုပ်ပါသည် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အရှင်မြတ်တို့ဘုရား။

(၂၃၊ ၁၁၊ ဝ၈-ရက်စွဲထုတ် သတင်းစာ။)

ဝိဘဇ္ဇ၀ါဒီ

0 comments:

Post a Comment

ဗုဒ္ဓသာသနာ တည်တန့်စေရန် ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။
ဒို့တတွေ အမှန်တရားကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါစို့။

mmm