ဒီဘုန်းတော်ကြီးက နိုးထေရ၀ါဒတဲ့

Saturday, September 26, 2009

အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား

အသိပေးချက်အမှတ်စဉ် (၃)

အထက်ပါတင်ပြချက်တို့ကို ၁၃၆၉-ခုနှစ်၊
နယုန်လပြည့်ကျော်(၄)ရက် (၃.၆.၂ဝဝ၇) တနင်္ဂနွေနေ့မှစ၍

စီစဉ်ရေးသားပြီး မကြာမီအတွင်းမှာပင် နိုင်ငံတော် သံဃမဟာနာယက ဆရာတော်ကြီးများနှင့် သက်ဆိုင်ရာသာသနာရေး အရာရှိများထံသို့ အသိပေး တင်ပြခဲ့ကြပြီး ဖြစ်ခြင်းကြောင့် မဟာနာယကဆရာတော်ကြီးများကလည်း အရေးတယူ ရှိတော်မူကြလျက် သက်ဆိုင်ရာအစိုးရအကြီးအကဲတို့ကလည်း ဂရုပြုခဲ့ကြပါသည်။ ထို့ကြောင့်ပင် ဥက္ကဋ္ဌဆရာတော်ကြီးက (၂)ကြိမ်တိုင်တိုင် သြဝါဒပေးပြီး ချီးမြှင့်ခဲ့ပါသည်။ သာသနာရေးဝန်ကြီးကလည်း ဆရာတော်ကြီး၏ သြဝါဒတော်အားလျှော်သော လျှောက်ထားချက်များဖြင့် ဖြစ်လာမည့်ကိစ္စတို့ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ပေးလိုကြောင်း လျှောက်ထားပြီး ဖြစ်ပါသည်။

ဆရာတော်ကြီး၏ ဒုတိယအကြိမ်ပေးအပ်ချီးမြှင့်ထားသည့် သြဝါဒတော်များကို သတင်းစာမှ ကူးယူ၍ ဆက်လက်လျှောက်ထား တင်ပြလိုပါသေးသည်။

ဝန်ကြီး၏ လျှောက်ထားချက်တို့ကိုလည်း အသိအမှတ်ပြုကာ မှတ်တမ်းတင်ထား လိုပါသေးသည်။

ထေရဝါဒဗုဒ္ဓသာသနာတော်နှင့်မညီသော ရေးသားခြင်း၊ ဟောပြောခြင်း၊ ပြသခြင်း၊ ပြုလုပ်ခြင်းများကို အရေးယူ တားဆီးကာကွယ်ရန် ဆောင်ရွက်ခွင့်ရရှိ။

ရန်ကုန် နိုင်ဝင်ဘာ ၂၂
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဆဋ္ဌအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းးအဝေး၌ မိန့်ကြားတော်မူအပ်သော သဘာပတိ၊ ဥက္ကဋ္ဌ၊ မကွေးမြို့ မဟာဝိသုတာရာမတိုက်သစ် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂမ္ဂမဟာပဏ္ဍိတိတ ဘဒ္ဒန္တကုမာရ၏ သာရဏီယသြဝါဒကထာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဆဋ္ဌအကြိမ် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ (၄၇)ပါးစုံညီ ဆဋ္ဌအစည်းအဝေးသို့ အားပေးချီးမြှောက် ကြွရောက်တော်မူလာကြသော နိုင်ငံတော်သံဃမဟာနာယက ဆရာတော်အရှင်မြတ်တို့ဘုရား-

''ဆရာတော်အရှင်မြတ်တို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းနှင့် ပြည့်စုံတော်မူကြ၍ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွါးတိုးတက်အောင် ဆောင်ရွက်တော်မူနိုင်ကြပါစေ''ဟု အာသီသပတ္ထနာပြုလျက် နှုတ်ခွန်းဆက်စကား လျှောက်ထားပါသည်ဘုရား။ ဆရာတော် အရှင်မြတ်တို့ဘုရား မြတ်စွာဘုရားသည် - ယေ တေ ဘိက္ခဝေ ဘိက္ခူ အဓမ္မံ ဓမ္မောတိ ဒီပေန္တိ၊ တေ ဘိက္ခဝေ ဘိက္ခူ ဗဟုဇနအဟိတာယ ပဋိပန္နာ ဗဟုဇနအသုခါယ ဗဟုနော ဇနဿ အနတ္ထာယ အဟိတာယ ဒုက္ခာယ ဒေဝမနုဿာနံ။ ဗဟုဉ္စ တေ ဘိက္ခဝေ ဘိက္ခူ အပုညံ ပသဝန္တိ။ တေ စိမံ သဒ္ဓမ္မံ အန္တရဓာပေန္တီ တိ။ ပ ။ ရဟန်းတို့ အကြင်ရဟန်းတို့သည် တရားစစ်တရားမှန်မဟုတ်သော အဓမ္မကို တရားစစ် တရားမှန်ဖြစ်သော ဓမ္မဟုလည်းကောင်း၊ တရားစစ်တရားမှန်ဖြစ်သော ဓမ္မကို တရားစစ် တရားမှန် မဟုတ်သော အဓမ္မဟု လည်းကောင်း၊ ဝိနည်းစစ်ဝိနည်းမှန်မဟုတ်သော အဝိနယကို ဝိနည်းစစ်ဝိနည်းမှန်ဖြစ်သော ဝိနယဟုလည်းကောင်း၊ ဝိနည်းစစ် ဝိနည်းမှန်ဖြစ်သော ဝိနယကို ဝိနည်းစစ်ဝိနည်းမှန်မဟုတ်သော အဝိနယဟု လည်းကောင်း၊ မြတ်စွာဘုရား မဟောအပ် မပြောအပ်သည်ကို မြတ်စွာဘုရား ဟောအပ်ပြောအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရားဟောအပ် ပြောအပ်သည်ကို မြတ်စွာဘုရား မဟောအပ်မပြောအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့်မပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်၏ဟု လည်းကောင်း၊ မြတ်စွာဘုရား အလေ့အကျင့် ပြုအပ်သည်ကို မြတ်စွာဘုရား အလေ့အကျင့် မပြုအပ်ဟုလည်းကောင်း၊ မြတ်စွာဘုရား မပညတ်အပ်သည်ကို မြတ်စွာဘုရား ပညတ်အပ်၏ဟု လည်းကောင်း၊ မြတ်စွာဘုရား ပညတ်အပ်သည်ကို မြတ်စွာဘုရား မပညတ်အပ်ဟု လည်းကောင်း ပြုကြကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ကျင့်သည် မည်ကုန်၏။ ရဟန်းတို့ ထိုရဟန်းတို့သည် များစွာသော အကုသိုလ်ကိုလည်း ဖြစ်ပွါးစေသည် မည်ကုန်၏။ ထိုရဟန်းတို့သည် ဤသာသနာတော်ကိုလည်း ကွယ်ပျောက်စေသည် မည်ကုန်၏ဟု ဟောတော်မူပါသည်ဘုရား။

ဆရာတော်အရှင်မြတ်ဘုရား ယခုသာသနာတော်နောက်ပိုင်း အချိန်အခါ၌ အဓမ္မကို ဓမ္မဟု ပြခြင်း စသည်ဖြင့် လူအများစီးပွါးချမ်းသာမဲ့ခြင်း၊ အကျိုးမဲ့ခြင်း၊ နတ်လူတို့အစီးအပွါးမဲ့ခြင်း၊ ဆင်းရဲခြင်းငှါ ကျင့်ကြကုန်သည်ဖြစ်၍ များစွာသော အကုသိုလ်ကို ဖြစ်ပွါးစေကြကာ သာသနာတော်ကြီး ကွယ်ပျောက်အောင် ပြုလုပ်နေကြသည့် ရဟန်း သာမဏေများ ပေါ်ပေါက်နေကြသည်ကို ကြားသိကြရပါသည်ဘုရား။

အချို့ရဟန်းများကလည်း ထေရဝါဒဗုဒ္ဓသာသနာတော် မှေးမှိန်ကွယ်ပျောက်၍ မဟာယာနသာသနာဖြစ်ပေါ်အောင် လုပ်ဆောင်နေကြသည်ကိုလည်း ကြားသိနေရပါသည်ဘုရား။

ဆရာတော်အရှင်မြတ်တို့ဘုရား ဆိုခဲ့ပြီးသော အဓမ္မကို ဓမ္မဟု ပြခြင်း စသည်ဖြင့် နတ်လူအများ စီးပွါးချမ်းသာမဲ့အောင် ဆင်းရဲအောင် သာသနာတော်ကိုလည်း ကွယ်ပျောက်အောင် ထေရဝါဒဗုဒ္ဓသာသနာ ထွန်းကားနေသည့် မြန်မာနိုင်ငံတော်၌ မဟာယာနသာသနာ ပေါ်ပေါက်လာအောင် ပြုလုပ်နေကြသော သာသနပစ္စတ္ထိက = သာသနာ့ ရန်စွယ်ဖြစ်သော ရဟန်းသာမဏေများ အင်အားမကောင်းမီ ကြိုတင်၍ ကာကွယ်ကြရန် လိုအပ်နေပြီဖြစ်ကြောင်းကို လျှောက်ထားပါသည်ဘုရား။

ထို့ပြင် နိုင်ငံတော်သီးခြားဝိနည်းဓိုရ်အဖွဲ့များက အဓမ္မဟု ဆုံးဖြတ်ခဲ့သော ဝါဒများကို ပြန်လည်ဟောပြော နေကြသည်ကိုလည်းကောင်း၊ အဓမ္မဝါဒဟု ဆုံးဖြတ်ပြီးသော စာအုပ်စာတမ်းများကို မိတ္တူကူး၍ ဖြန့်ချိနေကြသည်ကို လည်းကောင်း ကြားသိ တွေ့မြင်နေကြရပါသည် ဘုရား။

ထိုအဓမ္မဝါဒကို ပြန်လည်ဟောပြောနေမှု၊ အဓမ္မဝါဒ စာအုပ်စာတမ်းများကို မိတ္တူကူး၍ဖြန့်ချိနေမှု စသည်တို့ကို သက်ဆိုင်ရာမှ စုံစမ်းစိစစ်၍ ဖေါ်ထုတ် အရေးယူသင့်ပြီဖြစ်ကြောင်းကိုလည်း လျှောက်ထားအပ်ပါသည်ဘုရား။

ယင်းသို့ တိတိကျကျ ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်မှုများကို မပြုလုပ်ဘဲ လျစ်လျူရှုနေပါက ယင်းအဓမ္မဝါဒများ ပြန်လည်ခေါင်းထောင် လာမည်ကို လည်းကောင်း၊ နိုင်ငံတော်ဝိနည်းဓိုရ် ဆရာတော်များ ဆုံးဖြတ်အပ် သော ဝိနိစ္ဆယများ အချီးအနှီးအလဟဿ ဖြစ်သွားမည်ကိုလည်းကောင်း စိုးရိမ်မိပါသည်ဘုရား။

ဤကိစ္စကို လေးလေးနက်နက် ဆင်ခြင်စဉ်းစား နှလုံးထားတော်မူကြပါဘုရား။

ဝိဘဇ္ဇ၀ါဒီ

4 comments:

Anonymous said...

သာဓု သာဓု သာဓုပါဘုရား

Unknown said...

ဟိုတုန်းကကျောင်းမှာ သမိုင်းသင်တော့ ဆရာ့ကိုမေးဖူးတယ် ဖဆပလကွဲတုန်းက ဘာလို့တဖက်ကသန့်ရှင်း တဖက်ကတည်မြဲ လို့ပေး တာတုန်းလို့ဆိုတော့ ဆရာကရီပြီးတော့ မင်းကလဲကွာ ရှင်းနေတာကို တဖက်က သန့်ရှင်းဆိုမှတော့ကျန်တဲ့တဖက်ကိုအလိုလိုမသန့်ရှင်းလို့ပြောပြီးသားဖြစ်တာပေါ့ကွ တယောက်ကတည်မြဲဆိုတော့လဲကျန်တဲ့လူကမတည်မြဲပေါ့ သူ့တရားပွဲတွေမှာ ထေရဝါဒတရားပွဲလို့ နာမည်ပေးထဲက ကျန်တဲ့တရားပွဲတွေကပဲထေရဝါဒမဟုတ်သလိုလို ဘာ လိုလို

Anonymous said...

သူကနိုးထေရ၀ါဒပြောနေတော့ ဟုတ်သလိုလိုပဲ၊
ဘာဟုတ်မှန်းတော့မသိဘူး၊ နားထောင်လို့တော့ အကောင်းသား။
ဘယ်သူ့ပြောနေမှန်လည်း မသိပါဘူး၊
ခုမှ သူ့ကိုယ်သူပြောမှန်းသိရတော့တယ်။
ကိုယ်နိုင်တဲ့ဘက်က လုပ်ကြဖို့လိုပါတယ်ဗျာ။

အားလုံးကိုကျေးဇူးတင်ပါတယ်။
Wayla

အလှတရား said...

http://myanmararman.blogspot.com/2009/09/blog-post_11.html

အဓမ္မ၀ါဒီ သမိုင်းလင့်ခ်လေးတစ်ခု ဖြစ်ပါတယ်။

Post a Comment

ဗုဒ္ဓသာသနာ တည်တန့်စေရန် ဗုဒ္ဓသာသနာဝင်တိုင်းမှာ တာဝန်ရှိတယ်။
ဒို့တတွေ အမှန်တရားကို ငြိမ်းချမ်းစွာနဲ့ ဖော်ထုတ်ကြပါစို့။

mmm